Wednesday, September 18, 2013

ယုံကြည်သူများ၏ အခွင့်အာဏာ

by: Rev. San Cung Nung

အိမ်ထောင်မိသားစုမှစ၍ လူမှုအဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ အသင်းတော်နှင့် အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတွင် တာဝန်ရှိသူများသည် အတိုင်းအတာတစ်ခုအထိ အာဏာထားတတ်ကြစမြဲ ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ အသုံးပြုတတ်ပါက အောင်မြင်မှုရရှိနိုင်သကဲ့သို့၊ မှားယွင်းစွာ သုံးစွဲမိပါက အာဏာအလွဲသုံးစားသည်ဟု သတ်မှတ်ခြင်းခံရသည်။ ထိုနည်းတူစွာ ယုံကြည်သူခရစ်ယာန်များသည်လည်း မိမိရရှိထားသော အခွင့်အာဏာကို အသုံးချတတ်သူများဖြစ်ဖို့ လိုအပ်ပါသည်။

အခွင့်အာဏာကို မည်သို့ရရှိနိုင်သနည်း

သမ္မာကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ဘုရားသခင်သည် လူသားကို ဖန်ဆင်းသည့်အခါ “ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ” ဟု အမိန့်တော်ရှိ၏။ ထို့အပြင် ဘုရားသခင်သည် သူ၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထးသော လူယောက်ျားနှင့် လူမိန်းမတို့ကိုလည်း “အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟူ၍ အခွင့်အာဏာပေးထားခဲ့သည် (ကမ္ဘာဦး ၁း၂၆-၂၈)။ သို့သော် လူသည် ဘုရားသခင်၏ စကားကို နာမခံဘဲ စာတန်စကားနားထောင်၍ အပြစ်ဖြစ်လာသောအချိန်မှစ၍ ထိုအခွင့်အာဏာစက် များကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင် အခွင့်အာဏာကို လူတို့အား တိုက်ရိုက် မပေးတော့ဘဲ သားတော် ယေရှုခရစ်တော်ထံသို့ အပ်နှံခဲ့သည်။ ယေရှုက “ကောင်းကင်ဘုံ၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှီသမျှကို ငါခံရပြီ” (မဿဲ ၂၈း၁၈) ဟု ပြောခဲ့ပါသည်။ ဘုရားသခင်သည် ထိုအခွင့်အာဏာကို လူသားတို့ထံ ပြန်လည် အပ်နှံရန် အလိုရှိသည်။ သို့ဖြစ်၍ ပထမဦးဆုံး ယေရှုခရစ်တော်ကို ယုံကြည် လက်ခံရမည်။ သို့မှသာလျှင် ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ရရှိပြီး ခရစ်တော်၌ရှိသော အခွင့်အာဏာများ ရရှိခံစားနိုင်မည် ဖြစ်သည် (ယောဟန် ၁း၁၂)။

ထိုမျှမက ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောသူတိုင်းတို့သည် မင်းစည်းစိမ်ရှိယဇ် ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း (၁ ပေတရု ၁း၉) ဖြစ်ခြင်း၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပရောဟိတ်အရာ၌လည်းကောင်း ခန့်ထားခြင်းကို ခရစ်တော်၏ အသွေးတော်အားဖြင့် ခံစားခွင့်ရရှိကြသည် (ဗျာဒိတ် ၁း၅-၆)။ ဤလောက၌ နေရသော်လည်း လောကအတွက်မဟုတ်၊ လောကနှင့်မပတ်သက်သော ဘုရားသခင်၏ မိသားစုဝင် အိမ်တော်သားများ ဖြစ်ကြသည် (ဧဖက် ၂း၁၉)။ ထို့ကြောင့် ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် တိုက်ရိုက်ပတ်သက်နေသောသူများ ဆက်သွယ်နေသောသူများဖြစ်သည် သာမက ဘုရားသခင်ပေးသော အခွင့်အာဏာများကို ခရစ်တော်အားဖြင့် ပိုင်ဆိုင်ခွင့်၊ အသုံးချခွင့်ရရှိသောသူများ ဖြစ်ကြသည်။ ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုထက်သာ၍ ကြီးသော အမှုတို့ကိုလည်း ပြုလိမ့်မည်” (ယောဟန် ၁၄း၁၂) ဟူ၍ ကတိပေးခဲ့သည်။

သင်းအုပ်နှင့် ခေါင်းဆောင်မှု

by: Rev. San Cung Nung

သင်းအုပ်သည် ၀ိညာဉ်ရေးရာ၌ ခေါင်းဆောင်ဖြစ်သောကြောင့် အသင်းတော်တစ်ခုလုံး၏ တိုးတက်ရာ တိုးတက်ကြောင်းသည် သူ၏ ခေါင်းဆောင်မှု အရည်အချင်းပေါ်တွင် အဓိက မူတည်သည်ဟု ဆိုနိုင်ပါသည်။ အသင်းတော်သည် လောကီအဖွဲ့အစည်း မဟုတ်သဖြင့် အာဏာထား၍ အုပ်စိုးရန် မဟုတ်ဘဲ၊ သမ္မာတရားနှင့် ညီညွတ်သော ခေါင်းဆောင်မှု ပေးနိုင်ရန် အထူးလိုအပ်သည်။ ရှင်ပေတရုသည် ခေါင်းဆောင်များထံတောင်းပန်စကားပြောဆိုရာတွင် “ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့” (၁ပေ ၅း၂-၃)ဟု ပြောပါသည်။ သို့ဖြစ်၍၊ သင်းအုပ်၏ ခေါင်းဆောင်မှုသည် အသင်းတော်ကို မိမိဆန္ဒသဘောအရ ကြိုက်သလို မောင်းနှင်ခြင်း မဟုတ်ဘဲ၊ သိုးတော်စုများ၏ရှေ့မှ ဦးဆောင်လမ်းပြ၍ ခေါင်းဆောင်မှုပြုခြင်း ဖြစ်သည်။ သိုးတို့သည် သိုးထိန်း ဦးဆောင်လမ်းပြသည့်အတိုင်း လိုက်လျှောက်သွားမည် ဖြစ်သည်။

ဝိညာဉ်ရေးရာ ခေါင်းဆောင်မှု၏ အဓိပ္ပါယ်

ခရစ်ယာန် ခေါင်းဆောင်မှုသည် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုဖြစ်၍၊ လောကီရေးရာ ခေါင်းဆောင်မှုနှင့် ခြားနားမှု ရှိသည်။ ယေရှုကလည်း “သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာ ထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။ သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏ စေခိုင်းရာ ကျွန်ဖြစ်ရမည်” ဟု ပြောပါသည် (မာကု ၁၀း၄၂-၄၄)။ ရှင်ပေါလုကလည်း မိမိကိုယ်ကို ယေရှုခရစ်၏ ကျွန်ဟူ၍ ပြောခဲ့သည် (ရောမ ၁း၎၊ ၁ကော ၉း၁၉၊ ဖိလိ ၁း၁)။ 

အင်္ဂလိပ် သမ္မာကျမ်း King James Version ထဲတွင် ခေါင်းဆောင်မှုဟူသော ဝေါဟာရကို ခြောက်ကြိမ်သာ အသုံးပြုထားသည်ကို တွေ့ရသည်။ သမ္မာကျမ်းစာနှင့်ညီညွတ်သော ခေါင်းဆောင်များကို ဘုရားသခင်က “ငါ၏ ကျွန်” သို့မဟုတ် “ငါ၏ အစေခံ” ဟူ၍ အသုံးပြုထားပါသည်။ ဤအရာများကို လေ့လာခြင်းအားဖြင့် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှု သို့မဟုတ် သင်းအုပ် ခေါင်းဆောင်မှုသည် အကြီးအကဲလုပ်ခြင်း မဟုတ်ဘဲ၊ လူတကာ၏ အစေခံကျွန်အဖြစ် အမှုတော်ကို ထမ်းဆောင်ခြင်းဖြစ်သည်။

ခေါင်းဆောင်မှုဆိုင်ရာ ကမ္ဘာကျော် စာရေးဆရာ John C. Maxwell က “ခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်းဖြစ်သည်” ဟုဆိုပါသည်။ ဤအဆိုသည် မြန်မာနိုင်ငံ ခေါင်းဆောင်မှုနှင့် အထူး ဆီလျော်မှု ရှိပါသည်။ လောကီအဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်း နှစ်ခုစလုံးတွင် သြဇာလွှမ်းမိုးမှုသည် အဓိက အချက်တစ်ခု ဖြစ်သည်။ အသင်းတော်နှင့် သာသနာရေးလုပ်ငန်းများတွင် ဆရာ/မကြီး၊ ဒါရိုက်တာကြီး၊ ကျောင်းအုပ်ကြီး၊ ဥက္ကဌကြီး၊ သိက္ခာတော်ရဆရာကြီး စသည့် ရာထူးများက နေရာယူ နေကြောင်း တွေ့ရသည်။ ဤသို့ဖြင့် ခရစ်တော်၏ ခန္ဓာကိုယ် တည်းဟူသော အသင်းတော်နှင့် သာသနာ လုပ်ငန်းများကို ရှေ့မှဦးဆောင်မှုပြုခြင်းထက် မိမိကြိုက်သလို မောင်းနှင်ခြင်းသည် သာ၍ များပြားကြောင်း တွေ့ရသည်။  ထို့ကြောင့် ယေရှုက ခေါင်းဆောင်မှုနှင့် ပက်သက်၍ “လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကို ခံခြင်းငှါ၎င်းင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ၎င်းင်း ကြွလာသတည်း” ဟု ပြောပါသည် (မာကု ၁၀း၄၅)။ ယေရှုကိုယ်တိုင် တပည့်တော်များ၏ ခြေထောက်များကို ဆေးကြောပေးခြင်းဖြင့် လက်တွေ့ပြသခဲ့ရာ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိ၏” ဟု ပြောပါသည် (ယောဟန် ၁၃း၁၇)။ ထို့ကြောင့် သင်းအုပ် သို့မဟုတ် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ချစ်ခြင်းကို အခြေခံ၍ နှိမ့်ချခြင်းသဘောနှင့် ဘုရားသခင်၏ လူများကို ဦးဆောင်မှုပြုခြင်း ဖြစ်သည်။ ယုံကြည်သူများကို တပည့်တော်ကောင်းများ ဖြစ်စေ၍၊ ခရစ်တော်၏ အသက်တာနှင့် တူသော အသက်တာမျိုး ရရှိလာစေရန် ပို့ဆောင်ခြင်း ဖြစ်သည်။

Monday, September 16, 2013

နောင်တ တရား

by: Rev. San Cung Nung

ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတဲ့ "နောင်တ တရား" အကြောင်းကို ဝေငှလိုပါတယ်။ နောင်တတရား ဆိုတာ ခရစ်ယာန်သြ၀ါဒသွန်သင်ချက်ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် အနည်းဆုံး ဟောတဲ့အချက်လည်း ဖြစ်ပါတယ်။ သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှုကြတဲ့ အချက်လည်း ဖြစ်ပါတယ်။သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှု ကြတဲ့အရာလည်း ဖြစ်ပါတယ်။ တစ်ချို့က နောင်တရ ရမယ်လို့ပြောရင် နောင်တရစရာ မလိုပါဘူးလို့ ပြန်ပြောမယ့်လူ ရှိပါလိမ့်မယ်။ ဒါပေမယ့် နောင်တ တရားဆိုတာ အရေးကြီးကြောင်းကို သမ္မာကျမ်းစာထဲမှာ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိအများဆုံးသုံးတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် နောင်တရ ခဲ့တာကို တွေ့ရပါတယ်။

ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်လို့ဆိုပြီး လူတွေက နောင်တတရားကို ပေါ့ပေါ့တန်တန် ခံယူကြတယ်။ ဘာပဲလုပ်လုပ်ခွှင့်လွှတ်တယ်၊ ချစ်တယ် ဆိုပြီး နောင်တတရားကို သိပ်မပြောချင် ကြတော့ဘူး။ ဒါပေမယ့် တစ်ဖက်မှာ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖစ်သလို တရားစီရင်မယ့်သူ ဖြစ်တယ်ဆိုတာ လုံးဝမမေ့သင့်ဘူး။ မိခင်တစ်ယောက် အနေနဲ့ ယောက်ျားလေး မွေးမယ်၊ မိန်းကလေး မွေးမယ်ဆိုတာ သူ ဆုံးဖြတ်လို့ မရဘူး။ ဘုရားသခင်ပေးတဲ့အတိုင်းပဲ ဖြစ်တယ်။ ယုံကြည်သူ တစ်ယောက်အနေနဲ့ ဘယ်လို အသက်ရှင်ရမယ်ဆိုတာကို ကောင်းကောင်းသိကြပေမယ့် အဲဒီလို အသက်မရှင်မိတာကို နောင်တရဖို့ဖြစ်တယ်။

ဘာတွေကိုနောင်တရ ရမှာလဲ ကျွန်တော်တို့ ဆုတောင်းရမယ်ဆိုတာ သိကြပေမယ့် ဆုမတောင်းကြတာကို ဒီနေ့အထိ ခရစ်ယာန်တွေက အပြစ်လို့ မမြင်ကြဘူး။ ကျမ်းစာဖတ်ပြီး ကျမ်းစာအတိုင်း အသက်ရှင်ဖို့ သိကြပေမယ့်မဖတ်ချင်၊ အသက်မရှင်ချင်ကြတာကိုလည်း အပြစ်မမြင်ကြဘူး။ ဒီလိုပဲ ဆယ်ဖို့တစ်ဖို့ ပေးရမယ်ဘုရားကျောင်းသွားပြီး ဘုရားရှိခိုးရမယ်ဆိုတာ သိနေပေမယ့် သိသိကြီးနဲ့ မပေးတာ၊ မသွားတာကို အပြစ်လို့ မမြင်ကြတော့ဘူး။ ဆုတောင်းဖို့ဆိုတာ မခက်တာ့ ထမင်းစားချိန်၊ အိပ်ရာဝင်ချိန်မှာပဲ ဆုတောင်းကြတယ်။ ဘုရားသခင်က သူနဲ့အချိန်အများကြီးယူဖို့ ဖြစ်စေချင်ပေမယ့် ကျနော်တို့က အချိန်သိပ်မယူချင်ကြဘူး။ ဒီကနေ့ ခရစ်ယာန်တွေ အပြစ်လုပ်နေကြတာကို အပြစ်လို့ မထင်တဲ့ ပြုမူကျင့်ကြံခြင်းတွေကို နောင်တရဖို့ ဖြစ်ပါတယ်။ ဘာတွေ နောင်တရမလဲဆိုတာကို လူတိုင်း မိမိကိုယ်ကိုသိကြပါတယ်။ ဒါကြောင့် နောင်တတရားက ဘာကြောင့် အရေးကြီးသလဲဆိုရင် ဓမ္မဟောင်းထဲမှာ ပရောဖက်တွေ၊ ဣသရေလလူမျိုးတွေ၊ တိုင်းနိုင်ငံတွေ၊ လူမျိုးတိုင်း ဘုရားသခင်ဆီက ထွက်သွားပြီး မိမိကြိုက်သလို အသက်ရှင်ကြတယ်။ ဘုရားသခင်ကို ပုန်ကန်တဲ့ ဘ၀ကနေပြန်လာပြီး နောင်တရကြဖို့ မိန့်ဆိုထားပါတယ် (ယေဇကျေလ ၁၈း ၃၀-၃၂)။ ဘုရားသခင်က လူသားတွကို အပြစ်ကင်းတဲ့ဘ၀နဲ့ ဖန်ဆင်းထားပေမယ့် အပြစ်ထဲကျသွားတဲ့အခါမှာ မျိုးဆက်အလိုက် အပြစ်တွေ လုပ်လာကြတယ်။ ဒါကြောင့် ဓမ္မဟောင်းထဲမှာ နောင်တတရားနဲ့ ပတ်သက်တဲ့အရာအများကြီး ရှိတယ်။ ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ ဘာတွေလုပ်ရမလဲ၊ ဘာတွေသွန်သင်ထားတယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဓမ္မသစ်ကျမ်းမှာ နှစ်ခြင်းဆရာယောဟန်ရဲ့ ပထမဦးဆုံးတရားဟောချက်က "နောင်တရကြလော့။ နိုင်ငံတော်တည်လုနီးပြီး" ဆိုတာ ဖြစ်ပါတယ်။ ယေရှု ခရစ်ကိုယ်တိုင် ကောင်းကင်ဘုံကို မတက်ကြွမီ လူမျိုးတိုင်းအပေါ် နောင်တတရားကို ဟောကြားဖို့ တပည့် တော်များကိုမှာထားပါတယ် (ရှင်လုကာ ၂၄း၄၇)။

ထာဝရဘုရား၏ စိတ်နှလုံးနှင့်ညီညွတ်သောသူ

by: Rev. San Cung Nung

လောကမှာ မိဘများ၏ စိတ်နှလုံးနှင့်ညီညွတ်သောသားသမီးတို့သည် မင်္ဂလာရှိကြပြီး၊ ကောင်းကြီး ခံစားကြသည်။ မိဘကို ချစ်တတ်သောသူ၊ မိဘစကားကို နာခံသောသူ၊ မိဘမျက်နှာကို ရှာသောသူတို့သည် ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ခံစားထိုက်သောသူများ ဖြစ်ကြသည်။ ဒါဝိဒ်၏ အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က သူ့အား “စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ” ဟူ၍ နှစ်ကြိမ်ထူးခြားစွာ မှတ်တမ်းတင်ထား သည် (၁ ဓမ္မရာဇ၀င် ၁၃း၁၄။ တမန်တော် ၁၃း၂၂)။ ဒါဝိဒ်၌ အားနည်းချက်များစွာ ရှိသော်ငြားလည်း ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဖြစ်သည့်အကြောင်းကို သမ္မာကျမ်းစာ သွန်သင်သည့်အတိုင်း အနည်းငယ် ဖော်ပြလိုပါသည်။

၁။ ဒါဝိဒ်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောသူဖြစ်သည်

ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားသောသူ ဖြစ်သည် (ဟေဗြဲ ၁၁း၃၂-၃၄)။ ဒါဝိဒ်သည် ငယ်ရွယ်သော အချိန်မှစ၍ ရှင်ဘုရင်ဖြစ်သည်အထိ သူ၏ ဘ၀အတွေ့အကြုံ များကို ဆာလံကျမ်းတွင် ထင်ဟပ်ပေါ်လွင်စေသည်။ သူသည် ထာဝရဘုရားကို ငယ်ရွယ်စဉ်ကပင် ယုံကြည်ကိုးစား တတ်သောသူဖြစ်ကြောင်းကို၎င်းင်း၊ ထာဝရဘုရားသာလျှင် သူ၏ ခိုလှုံရာ အားကိုးရာဖြစ်ကြောင်းကို၎င်းင်း ဆာလံ သီချင်းတွင် ဖော်ပြထားပါသည်။ ဥပမာ ဆာလံ ၂၀း၇ တွင် အချို့သောသူတို့သည် မိမိတို့၏ စစ်ရထားများကို၎င်းင်း၊ မြင်းများကို၎င်းင်း အားကိုးကြ၏။ သို့ရာတွင် ငါတို့မူကား ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို အားကိုးကြ၏” (ခေတ်သုံးမြန်မာသမ္မာကျမ်း) ဟုဆိုထားပါသည်။ ဒါဝိဒ်လူငယ်လေးနှင့် တစ်ဦးချင်း စစ်တိုက်ဖို့ရန် အသင့်ပြင်ဆင်သော ဂေါလျတ်သည် သူ၏ စစ်လက်နက်များဖြစ်သည့် ဒိုင်းလွှား၊ လှံတံ၊ ဓါးနှင့် ဦးထုပ်များကို အားကိုးပြီး ချီတက်လာသည်။ သို့ရာတွင် ဒါဝိဒ်သည် ထာဝရဘုရား၏ နာမတော်ကိုသာ ကိုးစားပြီး ကျောက်ခဲ တစ်လုံးနှင့်ဂေါလျတ်ကို ပစ်လိုက်ရာ လက်နက်တန်ဆာကို အားကိုးသော ဂေါလျတ်သည် ဒါဝိဒ်ပစ်လိုက်သော ကျောက်ခဲကို မရှောင်နိုင်သည်သာမက ကာကွယ်နိုင်စွမ်းမရှိကြောင်း တွေ့ရသည် (၁ ဓမ္မ ၁၇း၄၁-၄၉)။ သို့ဖြစ်၍ ထိုကဲ့သို့သော အတွေ့အကြုံများကြောင့် ဒါဝိဒ်က “ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက် သာ၍ ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ ကောင်း၏” (ဆာလံ ၁၁၈း၈) ဟု ရဲဝံ့စွာ ၀န်ခံနိုင်ခြင်း ဖြစ်သည်။ (ဆာလံ ၃၇း၅ ဆက်ဖတ်ပါ)။ ထို့ကြောင့် ထာဝရဘုရားကို အားကိုးခြင်း၊ ကိုးစားခြင်း၊ ခိုလှုံခြင်းသည် သူ၏ စိတ်နှလုံးနှင့်ညီညွတ်ခြင်း ဖြစ်သည်။

၂။ ဒါဝိဒ်သည် ဘုရားသခင်ကို ချစ်သောသူ ဖြစ်သည်

ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို ယုံကြည်အားကိုးသည်သာမက ထာဝရဘုရားသခင်ကို ချစ်သောသူ ဖြစ်သည်။ “အိုထာဝရဘုရားး၊ အကျွန်ုပ်၏ ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏” (ဆာလံ ၁၈း၁)။ ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ မြက်ဆိုသောသီချင်း ဖြစ်ပါသည် (၂ ဓမ္မရာဇ၀င် ၂၂)။ ဒါဝိဒ်သည် ထာဝရဘုရားကို စိတ်နှလုံး အကြင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်သည်သာမက ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်၊ ပညတ်ချက်၊ သွန်သင်ချက်၊ နည်းဥပဒေသတို့ကိုလည်း အမှန်တကယ်ချစ်သောသူ ဖြစ်သည်။ ထိုတရားတော်များသည် “ရွှေထက်မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍ ပျားရည်ထက်သာမက ပျားလပို့ထက် ချိုကြ၏” (ဆာလံ ၁၉း၇-၁၁)။ ယနေ့ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်ကြသော်လည်း နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာကို မချစ်ဘဲ၊ ထိုတရားတော်၏ သွန်သင်ချက်ကို ဂရုမစိုက်ကြသဖြင့် ကောင်းကြီးမင်္ဂလာမခံစားနိုင်ကြခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် စိတ်နှလုံးကို ပြုပြင်စေနိုင်သည်။ မလိမ္မာသောသူတို့ကို လိမ္မာစေသည်၊ စိတ်နှလုံးကို ရွှင်လန်းစေလျက်၊ မျက်စိကို ရှင်းလင်းစေနိုင်ပါသည် (ဆာလံ ၁၉း၇-၉)။ ဒါဝိဒ်သည် ထာဝရဘုရားသခင်၏ အိမ်တော်ကို နှစ်နှစ်ကာကာချစ်သောသူ ဖြစ်သည်။ အိမ်တော်ကို အမြဲတမ်း တမ်းတနေသောသူဖြစ်သောကြောင့် “ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျောခြင်းအလို့ငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်” (ဆာလံ ၂၇း၎) ဟု မြွက်ဆိုထားပါသည်။ ကျွန်ုပ်တို့ယုံကြည်သူများသည် မည်သည့် အရာကို စွဲလန်း၍ တမ်းတနေကြ သနည်းဟု မေးခွန်း ထုတ်ချင်ပါသည်။

အမှုတော်ဆောင်နှင့် ကိုယ်ကျင့်တရား

by: Rev. San Cung Nung

နိဒါန်း

ယနေ့ဘုရားသခင်၏ အမှုတော်ဆောင်များစွာတို့ဥည် ဘုရားသခင်၏ ၀ိညာဉ်တော်တန်ခိုးကြောင့် အောင်မြင်မှုများစွာ ရရှိကြသည်။ နိုင်ငံတကာ အမှုတော်ဆောင်များနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာအရည်အချင်းများ၊ အတွေ့အကြုံများရှိကြသဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းခံရသော သင်းအုပ် ဆရာကြီးများ၊ ဧ၀ံဂေလိဆရာကြီးများစသည်ဖြင့် အမှုတော်မြတ်၌ ဦးဆောင်းနေကြသည်။ ဘုရားသခင် အင်မတန်မှ ကောင်းမြတ်တော်မူသဖြင့် ဂုဏ်ယူစရာများစွာ တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ထိုအောင်မြင်မှုများနှင့်အတူ သတိပြုရမည့်အရာရှိနေသည်ကို အမှုတော်ဆောင်တိုင်း သတိပြုရန်လိုသည်။ ထိုအချက်မှာ “ကိုယ်ကျင့်တရား” ဖြစ်ပါသည်။

ကိုယ်ကျင့်တရားဆိုသည်မှာ

ကိုယ်ကျင့်တရားသည် လူတစ်ယောက်နေ့စဉ်ပြုကျင့်သည် အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ်တရား၊ အလေ့အထစသည်တို့ဖြစ်သည်။ ကိုယ်ကျင့်တရားသည် ကိုယ်ပိုင်စည်းကမ်း၊ ဓလေ့ထုံးစံ နှင့်လည်း ဆက်နွယ်မှုရှိသည်။ ကိုယ်ပိုင်စည်းကမ်းရှိသောသူသည် ကိုယ်ကျင့်တရားရှိသောသူ ဖြစ်သည်။ လူတစ်ယောက်၏ ပြုမူကျင့်ကြံခြင်း၊ စရိုက်၊ အလေ့အထဖြစ်သည့် အိပ်ယာထခြင်း၊ အိပ်ရာဝင်ခြင်း၊ စားသောက်ခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းစသည်တို့သည် ကျင့်ဝတ်တရားဟု ဆိုနိုင်ပါသည်။ နေရာ၊ ဒေသအလိုက် ကျင့်ကြံပြုမူခြင်းသည်လည်း ကိုယ်ကျင့်တရားကို လွှမ်းမိုးစေနိုင်သည်။ စကားပုံပုံ ““မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါ”” ဟု ဆိုစမြဲရှိသည်။ အရက်သမား၊ ဆေးလိပ်ကွမ်းယာသမား၊ မူးယစ်ဆေးသုံးစွဲတတ်သူများနှင့် နီးကပ်စွာ ပေါင်းသင်းနေထိုင်ပြီး ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်ပါက တစ်နေ့တစ်ချိန်တွင် ထိုကဲ့သို့ ဖြစ်သွားနိုင်သည်။ မွေးရာပါ အရက်သမားနှင့် ဆေးသမား လုံးဝ မရှိပါ။ ဆေးပညာအရ၊ မိခင်က အရက်သေစာ၊ ဆေးလိပ်သုံးစွဲပါက မွေးလာသော ကလေး ကြီးပြင်းသည့်အခါ အရက်၊ ဆေးလိပ်၊ ကွမ်းယာသမား ဖြစ်နိုင်သည်ဟု ဆိုပါသည်။ 

ဆရာကြီး ဒီအယ်လ်မူးဒီက “တစ်ယောက်တည်းမှောင်မိုက်ထဲတွင် ဘာလုပ်နေသလဲ” ဆိုတာကို ကိုယ်ကျင့်တရားဟု ပြောပါသည်။ ဇနီး၊ သားမယား၊ ဆရာသမားများမရှိသည့်အချိန်တွင် ဘာလုပ်နေသလဲ ဆိုတာ ကိုယ်ကျင့်တရား ဖြစ်ပါသည်။ “ဘာလုပ်နေသည်” ဆိုသည့်အချက်ကိုမူ ကာယကံရှင်သာ အသိဆုံး ဖြစ်သည်။ ဆရာကြီး တစ်ပါးပြောဖူးသည်မှာ “လောကမှာ လိမ်လို့မရတဲ့သူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဘုရားသခင်ဖြစ်ပြီးတော့၊ နောက်တစ်ယောက်ကတော့ မိမိကိုယ်တိုင်ပဲ ဖြစ်တယ်” ဟု ဆိုပါသည်။ အခြားသူများ ဆီမှာ ဘာမှ မလုပ်သလို ဟန်ဆောင်၍ နေနိုင်သော်လည်း ကိုယ့်ကိုယ်ကိုနှင့် ဘုရားသခင်ရှေ့တွင် ဟန်ဆောင်၍ မရနိုင်ကြောင်း သိသာထင်ရှားပါသည်။ ဘုရားတရားနှင့် လိုက်လျောညီထွေသော ကိုယ်ကျင့်တရားသည် ရိုးသားဖြောင့်မတ်ခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရား ပျက်ပြားစေသောအရာများ

များစွာသော အမှုတော်ဆောင်တို့က ကိုယ်ကျင့်တရားဟု ပြောရာတွင် အသေးအမွှားဟု ထင်မြင်ယူဆ တတ်ကြသည်။ အမှန်အားဖြင့်ဆိုလျှင် ထိုအသေးအမွှေားထင်ရသည့် အကျင့်ကပင်လျှင် အမှုတော်ဆောင်များကို ရစရာမရှိအောင် ဆွဲချတတ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ကျောက်တုံးကြီး သို့မဟုတ် တောင်ကြီးကို တိုက်၍ လဲကျသွားခြင်း မရှိပါ။ မည်သူမဆ ဂရုမစိုက်သော ကျောက်ခဲလေးတစ်လုံးက တစ်ယောက်ကို ခလုတ်တိုက်လဲကျစေပြီး သွေးထွက်စေသည်ကို သတိပြုရမည်။ အောက်ဖော်ပြပါအချက်များသည် သာမန်ဟု ထင်ရသော်လည်း ကြီးမားသော အမှုတော်ဆောင်ကြီးများကို ဆွဲချ၍ ပျက်စီးစေနိုင်ပါသည်။