Monday, September 16, 2013

ထာဝရဘုရား၏ စိတ်နှလုံးနှင့်ညီညွတ်သောသူ

by: Rev. San Cung Nung

လောကမှာ မိဘများ၏ စိတ်နှလုံးနှင့်ညီညွတ်သောသားသမီးတို့သည် မင်္ဂလာရှိကြပြီး၊ ကောင်းကြီး ခံစားကြသည်။ မိဘကို ချစ်တတ်သောသူ၊ မိဘစကားကို နာခံသောသူ၊ မိဘမျက်နှာကို ရှာသောသူတို့သည် ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ခံစားထိုက်သောသူများ ဖြစ်ကြသည်။ ဒါဝိဒ်၏ အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က သူ့အား “စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ” ဟူ၍ နှစ်ကြိမ်ထူးခြားစွာ မှတ်တမ်းတင်ထား သည် (၁ ဓမ္မရာဇ၀င် ၁၃း၁၄။ တမန်တော် ၁၃း၂၂)။ ဒါဝိဒ်၌ အားနည်းချက်များစွာ ရှိသော်ငြားလည်း ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဖြစ်သည့်အကြောင်းကို သမ္မာကျမ်းစာ သွန်သင်သည့်အတိုင်း အနည်းငယ် ဖော်ပြလိုပါသည်။

၁။ ဒါဝိဒ်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောသူဖြစ်သည်

ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားသောသူ ဖြစ်သည် (ဟေဗြဲ ၁၁း၃၂-၃၄)။ ဒါဝိဒ်သည် ငယ်ရွယ်သော အချိန်မှစ၍ ရှင်ဘုရင်ဖြစ်သည်အထိ သူ၏ ဘ၀အတွေ့အကြုံ များကို ဆာလံကျမ်းတွင် ထင်ဟပ်ပေါ်လွင်စေသည်။ သူသည် ထာဝရဘုရားကို ငယ်ရွယ်စဉ်ကပင် ယုံကြည်ကိုးစား တတ်သောသူဖြစ်ကြောင်းကို၎င်းင်း၊ ထာဝရဘုရားသာလျှင် သူ၏ ခိုလှုံရာ အားကိုးရာဖြစ်ကြောင်းကို၎င်းင်း ဆာလံ သီချင်းတွင် ဖော်ပြထားပါသည်။ ဥပမာ ဆာလံ ၂၀း၇ တွင် အချို့သောသူတို့သည် မိမိတို့၏ စစ်ရထားများကို၎င်းင်း၊ မြင်းများကို၎င်းင်း အားကိုးကြ၏။ သို့ရာတွင် ငါတို့မူကား ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို အားကိုးကြ၏” (ခေတ်သုံးမြန်မာသမ္မာကျမ်း) ဟုဆိုထားပါသည်။ ဒါဝိဒ်လူငယ်လေးနှင့် တစ်ဦးချင်း စစ်တိုက်ဖို့ရန် အသင့်ပြင်ဆင်သော ဂေါလျတ်သည် သူ၏ စစ်လက်နက်များဖြစ်သည့် ဒိုင်းလွှား၊ လှံတံ၊ ဓါးနှင့် ဦးထုပ်များကို အားကိုးပြီး ချီတက်လာသည်။ သို့ရာတွင် ဒါဝိဒ်သည် ထာဝရဘုရား၏ နာမတော်ကိုသာ ကိုးစားပြီး ကျောက်ခဲ တစ်လုံးနှင့်ဂေါလျတ်ကို ပစ်လိုက်ရာ လက်နက်တန်ဆာကို အားကိုးသော ဂေါလျတ်သည် ဒါဝိဒ်ပစ်လိုက်သော ကျောက်ခဲကို မရှောင်နိုင်သည်သာမက ကာကွယ်နိုင်စွမ်းမရှိကြောင်း တွေ့ရသည် (၁ ဓမ္မ ၁၇း၄၁-၄၉)။ သို့ဖြစ်၍ ထိုကဲ့သို့သော အတွေ့အကြုံများကြောင့် ဒါဝိဒ်က “ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက် သာ၍ ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ ကောင်း၏” (ဆာလံ ၁၁၈း၈) ဟု ရဲဝံ့စွာ ၀န်ခံနိုင်ခြင်း ဖြစ်သည်။ (ဆာလံ ၃၇း၅ ဆက်ဖတ်ပါ)။ ထို့ကြောင့် ထာဝရဘုရားကို အားကိုးခြင်း၊ ကိုးစားခြင်း၊ ခိုလှုံခြင်းသည် သူ၏ စိတ်နှလုံးနှင့်ညီညွတ်ခြင်း ဖြစ်သည်။

၂။ ဒါဝိဒ်သည် ဘုရားသခင်ကို ချစ်သောသူ ဖြစ်သည်

ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို ယုံကြည်အားကိုးသည်သာမက ထာဝရဘုရားသခင်ကို ချစ်သောသူ ဖြစ်သည်။ “အိုထာဝရဘုရားး၊ အကျွန်ုပ်၏ ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏” (ဆာလံ ၁၈း၁)။ ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ မြက်ဆိုသောသီချင်း ဖြစ်ပါသည် (၂ ဓမ္မရာဇ၀င် ၂၂)။ ဒါဝိဒ်သည် ထာဝရဘုရားကို စိတ်နှလုံး အကြင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်သည်သာမက ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်၊ ပညတ်ချက်၊ သွန်သင်ချက်၊ နည်းဥပဒေသတို့ကိုလည်း အမှန်တကယ်ချစ်သောသူ ဖြစ်သည်။ ထိုတရားတော်များသည် “ရွှေထက်မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍ ပျားရည်ထက်သာမက ပျားလပို့ထက် ချိုကြ၏” (ဆာလံ ၁၉း၇-၁၁)။ ယနေ့ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်ကြသော်လည်း နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာကို မချစ်ဘဲ၊ ထိုတရားတော်၏ သွန်သင်ချက်ကို ဂရုမစိုက်ကြသဖြင့် ကောင်းကြီးမင်္ဂလာမခံစားနိုင်ကြခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် စိတ်နှလုံးကို ပြုပြင်စေနိုင်သည်။ မလိမ္မာသောသူတို့ကို လိမ္မာစေသည်၊ စိတ်နှလုံးကို ရွှင်လန်းစေလျက်၊ မျက်စိကို ရှင်းလင်းစေနိုင်ပါသည် (ဆာလံ ၁၉း၇-၉)။ ဒါဝိဒ်သည် ထာဝရဘုရားသခင်၏ အိမ်တော်ကို နှစ်နှစ်ကာကာချစ်သောသူ ဖြစ်သည်။ အိမ်တော်ကို အမြဲတမ်း တမ်းတနေသောသူဖြစ်သောကြောင့် “ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျောခြင်းအလို့ငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်” (ဆာလံ ၂၇း၎) ဟု မြွက်ဆိုထားပါသည်။ ကျွန်ုပ်တို့ယုံကြည်သူများသည် မည်သည့် အရာကို စွဲလန်း၍ တမ်းတနေကြ သနည်းဟု မေးခွန်း ထုတ်ချင်ပါသည်။

ဒါဝိဒ်သည် အိမ်တော်ကို အမြဲတစေ တမ်းတနေသည့်အကြောင်းရင်းတစ်ခုမှာ အိမ်တော်၌ ထာဝရဘုရား၏ မျက်မှောက်တော် ထင်ရှား၍၊ သူ့ကို ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ စကားပြောခြင်းစသောအခွင့်အရေးများ ခံစားရသောကြောင့် ဖြစ်သည်။ ယနေ့ ယုံကြည်သူများ အသင်းတော်နှင့်ဗိမာန်တော်ကို ချစ်၍ ထာဝရဘုရား၏ မျက်မှောက်တော်ခံစားသောသူများ ဖြစ်ဖို့ရန် အထူးအရေးကြီးပါသည်။ ဒါဝိဒ်သည် နန်းတော်နှင့်ဝေးသောအရပ်သို့ ရောက်သွားချိန်တွင်ပင် ဗိမာန်တော်/အိမ်တော်ကို သတိရလွန်းအားကြီး သဖြင့် “ယဇ်ပလ္လင်တော်တို့အနားမှာ ရှိသော စာငှက်နှင့်ဇရက်တို့ကဲ့သို့ ဖြစ်ချင်လှကြောင်း တွေ့ရသည် (ဆာလံ ၈၄း၂-၃)။ သို့ဖြစ်၍ တန်တိုင်းတော်တွင် နေသော တစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက်သာ၍ ကောင်း၏။ မတရားသော သူ၏ နေရာ၌ နေရသောအခွင့်ထက်၊ အကျွန်ုပ်ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏” (ဆာလံ ၈၄း၁၀) ဟု သူ၏ ခံစားချက်ဖော်ထုတ်ပါသည်။ ထို့ကြောင့် အခြားသူများနှင့် တမူထူးခြား ဒါဝိဒ်သည် ကောင်းကြီးမင်္ဂလာခံစားခဲ့ကြောင်း တွေ့ရသည်။

၃။ ဒါဝိဒ်သည် ထာဝရဘုရားသခင်၏ မျက်နှာတော်နှင့် တန်ခိုးတော်ကို ရှာသောသူ ဖြစ်သည်

ဒါဝိဒ်သည် အောင်မြင်ကျော်ကြားသောသူဖြစ်ဖို့၊ သူတစ်ပါး၏ မျက်နှာကို၎င်း၊ သူတစ်ပါး၏ နှစ်သက်ရာ အကြိုက်ကို၎င်း ရှာသောသူမဟုတ်၊ ထာဝရဘုရား၏ မျက်နှာတော်နှင့်တန်ခိုးတော်ကိုရှာသောသူ ဖြစ်သည် (ဆာလံ ၁၀၅း၎။ ၁ ရာချုပ် ၁၆း၁၀-၁၁)။ ရှောလုမင်းကြီးခေတ်တွင် ဂရုမစိုက်ခဲ့သော ဘုရားသခင်၏ သေတ္တာတော်ကို ဒါဝိဒ်မင်းကြီးသည် ပြန်လည် ယူဆောင်ပြီး သေတ္တာတော်ရှိရမည့်နေရာ တဲတော် အလယ်၌ ထားပြီးမှ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းမှ ဤဆာလံသီချင်းစပ်ဆိုခြင်း ဖြစ်သည်။ မျက်နှာတော်နှင့် တန်ခိုးတော်ကို ရှာခြင်းသည် တစ်နည်းပြောရမည်ဆိုပါက ဆုတောင်းခြင်း ဖြစ်သည်။ ဘုရားသခင်က ယုံကြည်သူတိုင်း ဆုတောင်းဖို့ အခွင့်အရေးပေးပြီး ကတိတော်များစွာလည်း ပေးထားသည်။ ဒါဝိဒ်သည် မည်သည့်အချိန်မျိုးတွင်မဆို ထာဝရဘုရား၏ မျက်နှာတော်ကိုရှာလျက် ဆုတောင်းသောသူ ဖြစ်ကြောင်း ဆာလံကျမ်း၌ အကြိမ်ကြိမ်ဖော်ပြထားသ်ည။ သို့ဖြစ်၍ သူသည် ထာဝရဘုရား၏ စိတ်တော်နှင့် ညီညွတ်၍ ကောင်းကြီးခံစား သောသူ ဖြစ်သည်။

၎။ ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို ချီးမွမ်းကိုးကွယ်သောသူ ဖြစ်သည်

ယနေ့ ချီးမွမ်းကိုးကွယ်ခြင်း၌ အသုံးပြုသော သီချင်းအများစုသည် ဆာလံသီချင်းအပေါ်၌ မှီငြမ်း၍ စပ်ဆိုထားခြင်း ဖြစ်သည်။ အကြောင်းမှာ ဒါဝိဒ်သည် သူငယ်စဉ်ဘ၀ကပင် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ခြင်း၌ မွေ့လျော်သောသူ ဖြစ်သည်။ သူ၌ ဘုရားသခင်ကို ချီးမွမ်းဖို့ အချိန်သီးသန့် သတ်မှတ်ချက် မရှိပါ။ “ငါသည် ခပ်သိမ်းးသောကာလတို့၌ ထာဝရဘုရားကို ကောင်ြးဲကီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြက်ဆိုမည် (ဆာလံ ၃၄း၁) ဟု ဆိုထားပါသည်။ ချီးမွမ်းကိုးကွယ်ခြင်း၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်” (ဆာလံ ၃၇း၎) ဟု ကတိပေးထားသည်။ ယနေ့ ယုံကြည်သူများလည်း ချီးမွမ်းကိုးကွယ်ခြင်း၌ အသက်တာကို နစ်မြှုပ်နိုင်သောသူများဖြစ်ဖို့ အရေးကြီးပါသည်။ ဘုရားသခင်သည် သူ့ကို နံဝိညာဉ်နှင့်၎င်းင်း၊ သစ္စာနှင့်၎င်း ကိုးကွယ်သောသူကို ရှာဖွေနေသောသူ၊ အလိုရှိသောသူ ဖြစ်သည် (ယောဟန် ၄း၂၃-၂၄)။ ပညာရှိသောသူ၊ ချမ်းသာကြွယ်ဝသောသူ၊ ကျော်ကြားသောသူကို ရှာဖွေသောသူ မဟုတ်ပါ။ ထို့ကြောင့်၊ ချီးမွမ်းကိုးကွယ်ခြင်း၌ အချောင်ခိုသူမဟုတ်ဘဲ၊ မွေ့လျော်နိုင်သောသူဖြစ်မှသာ ဘုရားသခင်၏ မျက်မှောက်တော် ခံစားနိုင်မည် ဖြစ်သည်။ ဒါဝိဒ် မည်ကဲ့သို့သောပုံစံမျိုးနှင့်ချီးမွမ်းသည်ကိုလည်း ဆာလံကျမ်းတွင် များစွာ ဖော်ပြထားသည်။ စိတ်ဝိညာဉ်၊ နှလုံးသားနှင့် ကိုယ်ခန္ဓာ အားလုံးပါလျက် ချီးမွမ်း ကိုးကွယ်သောသူဖြစ်သည်။ သို့ဖြစ်၍ ဒါဝိဒ်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ပြီး ကောင်းကြီး ခံစားသောသူ ဖြစ်ပါသည်။

ယနေ့ ယုံကြည်သူအားလုံးတို့သည် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အားကိုးသောသူ၊ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်ကို ချစ်လျက်၊ အိမ်တော်ကို ချစ်သောသူဖြစ်ကြဖို့ အရေးကြီး ပါသည်။ လူ၏ မျက်နှာကို ရှာသောသူမဟုတ်ဘဲ၊ ထာဝရဘုရား၏ မျက်နှာတော်နှင့် တန်ခိုးတော်ကို ရှာလျက်၊ ကိုယ်စိတ်ဝိညာဉ် သုံးပါးစလုံး ဆက်ကပ်၍ ထာဝရဘုရားကို ချီးမွမ်းကိုးကွယ်သောသူဖြစ်ကြဖို့ လိုအပ်ပါသည်။ သို့မှသာ ဒါဝိဒ်ခံစားရသော ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ကြမည် ဖြစ်သည်။ ကြွယ်ဝသောကောင်းကြီးမင်္ဂလာ ခံစားနိုင်ကြပါစေ။