Monday, September 16, 2013

ပေးကမ်းခြင်းလော အခွင့်အရေးလော

by: Rev. San Cung Nung

“ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရ၏” (ဖိလိ ၁း၂၉)

ခရစ်ယာန်အသက်တာနှင့် အမှုတော်ဆောင်ခြင်းတွင် “ပေးကမ်းခြင်းနှင့်အခွင့်အရေး” ဟူသည် ဒွန်တွဲလျက် ရှိနေပါသည်။ ပေးကမ်းခြင်းဖြင့် အခွင့်အရေး ခံစားနိုင်သကဲ့သို့ အခွင့်အရေးတည်းဟူသော အကျိုးခံစားမှုသည်လည်း ပေးဆပ်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ ယနေ့ ခရစ်ယာန်အချို့တို့သည် ခရစ်တော်ကို ချစ်သည်ထက် အခွင့်အရေးနှင့်အကျိုးခံစားမှုကို သာ၍ မက်မောကာ ခရစ်ယာန်လုပ်တမ်း ကစားတတ်ကြသည်။ အမှုတော်ဆောင်များဖြစ်ကြသော သင်းအုပ် ဆရာများ၊ သာသနာပြုဆရာများ၊ ဧ၀ံဂေလိဆရာများ၊ အဖွဲ့အစည်းအသီးသီး (ကျမ်းစာကျောင်းအပါအ၀င်)၊ အမှုတော်ဆောင်များအနက် အချို့တို့သည် ပေးကမ်းခြင်းထက် အကျိုးခံစားခွင့် ရရှိနိုင်ရေးတွင် ပို၍ မက်လုံးပးကြသည်။ မည်သည့်အရာက မှန်သည်၊ မှားသည် ဟု တင်ပြရန် ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် ဆင်ခြင်သင့်သောအရာ ဖြစ်သည်ဟု ယူဆမိပါသည်။ 

ဖိလိပ္ပိသြ၀ါဒစာစောင်ကို ရှင်ပေါလုသည် ထောင်ထဲမှ ရေးသားခဲ့ခြင်းဖြစ်ရာ ထိုဒုက္ခဆင်းရဲခြင်း ကို ကျေးဇူးတော်အားဖြင့် ခံစားရသည်ဟု ဆို၏။ ယနေ့ ကြယ်ဝချမ်းသာခြင်းနှင့် လောကီပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာကိုသာ မက်မောသော အချို့ ယုံကြည်သူများအတွက် ခံယူဖို့ရန် ခက်ကောင်း ခက်ပေလိမ့်မည်။ ဘုရားသခင်က ရှင်ပေါလုကို ခေါ်ဖိတ်သောအခါ “ငါ၏ နာမကြောင့် ဆင်းရဲ ခံရမည်” (တမန် ၉း၁၆) ဟု ဆိုထားပါသည်။ သခင်ယေရှုသည်လည်း လောကကို ကယ်တင်ဖို့ရန် သူ၏ ဘုရားဇာတိအဖြစ်ကို စွန့်လွှတ်၍ လူ့ဇာတိ အဖြစ်ကို ခံယူ ခဲ့ပါသည်။ ထို့ကြောင့် “ယေရှုခရစ်၌ ရှိသော ထို စိတ်သဘောကို သင်တို့၌လည်း ရှိကြစေ လော့” (ဖိလိ ၂း၅) ဟူ၍ ရှင်ပေါလုက ဆိုထားခြင်း ဖြစ်သည်။

၁။ ပေးကမ်းခြင်းနှင့်လက်ဝါးကပ်တိုင်

အမှုတော်ဆောင်၏လမ်းစဉ်သည် ပန်းခင်းသာလမ်းမဟုတ်၊ လက်ဝါးကပ်တိုင်နှင့်အတူ ဆူး ခင်းသောလမ်း ဖြစ်သည်။ လက်ဝါးကပ်တိုင်သည် အမှုတော်ဆောင်များအတွက် တစ်ခုတည်းသော ရွေးချယ်ရမည့် ပေးဆပ်ခြင်းဖြစ်သည်။ ယေရှုက “ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့ လိုက်ရမည်၊ ငါ၏ အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိလမ့်မည်၊ ငါ၏ အမှုကိုဆောင်ရွက် သောသူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတံ့” (ယော ၁၂း၂၆) ဟု မိန့်ဆို ထားပါသည်။ ယေရှုသည် သူ့အား ရှင်ဘုရင်အဖြစ် လူတို့က တင်မြှောက်ခြင်းကို လုံးဝ လက်မခံဘဲ၊ ယေရုရှလင်မြို့ပြင်ရှိ ကရာနီ တောင်ကုန်းတလျှောက်၌ လက်ဝါးကပ်တိုင်ကို ထမ်း၍ သစ်တိုင်ပေါ်တွင် ဇီဝဒါနပြုခဲ့သည်။ သူ၏ နောက်သို့ လိုက်လာမည့်သူများကိုလည်း မိမိကိုယ်ကို ငြင်းပယ်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းသောသူဖြစ်ရမည်ဟု မိန့်မှာခဲ့သည် (လုကာ ၁၄း၂၇)။ သို့သော် ထိုလက်ဝါးကပ်တိုင်၌ စက္ခုအာရုံဖြင့် မမြင်နိုင်သော ဘုရားသခင်၏ တန်ခိုး တော်ရှိပါသည် (၁ ကော ၁း၁၈)။

ဘုရားသခင်၏ အမှုတော်ဆောင်သည် သူတစ်ပါးထံမှ လက်ဆောင်ခံယူခြင်းကို မျှော်လင့်သည်ထက် သူတို့အား အထူးသဖြင့် မရှိဆင်းရဲသားများ၊ အတိဒုက္ခရောက်နေသောသူများအား ပေးကမ်းသူများ ဖြစ်ကြဖို့ရန် ဘုရားသခင်အလိုရှိသည်။ ဘုရားသခင်၏ စစ်မှန်သော အစေခံကျွန်များသည် သူတစ်ပါးအတွက် လုပ်ဆောင်ပေးသောသူ၊ စွန့်ကြဲသောသူ၊ လိုအပ်ပါက မိမိအသက်ကိုပင် မနှမြောဘဲ စတေးနိုင်သောသူ ဖြစ်သည်။ ယေရှုက လူသားသည်  သူတစ်ပါးကို စေစားခြင်းငှါမလာ၊ သူတစ်ပါး၏ အစေကို ခံခြင်းငှါလည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါလည်းကောင်း ကြလာသတည်း (မာကု ၁၀း၄၅) ဟု ပြောပါသည်။ ယေရှုသည် စကားအားဖြင့်သာမဟုတ်၊ လက်တွေ့အားဖြင့် အသက်ကို ပေးလှူခဲ့သူဖြစ်ပါသည်။ 

အချို့သောအမှုတော်ဆောင်များ အဘယ်ကြောင့် အမှုတော်မြတ်တွင် ပါဝင်ကြပါသနည်းဟု မေးခွန်းထုတ်စရာ ရှိပါသည်။ အဖြေမှာ တူကြလိမ့်မည် မဟုတ်။ အချို့က ဘုရားသခင်ကို အမှန်တကယ် ချစ်၍ အမှုတော်ဆောင်ခြင်း၊ ပျောက်ဆုံးနေသော ၀ိညာဉ်များကို ချစ်ခြင်းကြောင့် အမှုတော်ဆောင်ခြင်း၊ အသင်းတော် သို့မဟုတ် အဖွဲ့အစည်းက တာဝန်ပေးခြင်းကြောင့် အမှုဆောင်ခြင်းစသည်ဖြင့် ရှိနိုင်ပါသည်။ အချို့တို့သည် ပြည်ပသို့ ပညာသင်ယူလိုခြင်း၊ ကောင်းကျိုးခံစားခွင့် မက်မောခြင်း၊ လောကီ အလုပ်ထက် ဘာသာရေးတွင် အမှုဆောင်ပါက မျက်နှာပန်းလှခြင်းစသည်ဖြင့် အဖြေအမျိုးမျိုး ရှိနိုင်ပါသည်။ မိမိကိုယ်ကို မေးခွန်းထုတ်သင့်သည်မှာ အကျွန်ုပ်သည်  အဘယ့်ကြောင့် ဘုရားသခင်၏ အမှုဆောင်ဖြစ်ရပါသနည်း။ ဤတွင် အချို့သော အမှုတော်ဆောင်များအတွက် “မှန်းချက်နှင့် နှမ်းထွက်” မကိုက်ဘဲ ဖြစ်တတ်ပါသည်။ လွန်ခဲ့သော သက္ကရာဇ် ၁၉၉၂ ခုနှစ်က ကျွန်တော်သည် ဟားခါးအေဂျီ အသင်းတော်၏ သင်းအုပ်ဆရာနှင့် ဟားခါးသာသနာ နယ်၏ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေစဉ် အမှုတော်ဆောင်ဆရာတစ်ပါးသည် သူ၏ အသင်းတော်မှ ပေးသော လစာနည်းပါးသဖြင့် သာသနာပြုဆရာအဖြစ် သွားလိုကြောင်း ပြောပြခဲ့သည်။ ထိုအချိန်က သာသနာပြုဆရာ၏ လစာသည် သင်းအုပ်ဆရာလစာ၏ နှစ်ဆလောက် ပေးခဲ့ရာ သူသည် သာသနာပြုရန် မိသားစုနှင့် သွားခဲ့သည်။ တစ်နှစ် မကုန်မီ အသင်းတော်ကို ပြန်လာ၍ သာသနာပြု လစာနှင့်မိသားစု ကျွေးမွေးရန် မလုံလောက်သဖြင့် ပြန်လာခြင်းဖြစ်ကြောင်း ပြောပါသည်။ ယနေ့ သူသည် အမှုတော်ဆောင်ခြင်း မပြုတော့ပါ။ အားနည်း ချက်မှာ သာသနာနယ်မှ လုံလောက်သော လစာမပေး နိုင်၍လည်း ဖြစ်နိုင်သည်။ သို့သော် အရင်းအမြစ်သည် ပျောက်ဆုံးသော ၀ိညာဉ်များကို ချစ်သည်ထက် မိသားစုစားဝတ်နေရေး ပြေလည်ရေးကိုပို၍ ဦးစားပေး မိခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် “အမှုတော် ဆောင်ခြင်းသည် အခွင့်အရေးမဟုတ်၊ ပေးဆပ်ခြင်း ဖြစ်သည်”။

၂။ အကျိုးခံစားခွင့်သို့မဟုတ်အခွင့်အရေး

အဖိုးတန်သောရတနာသည် အပေါ်ယံမြေလွှာတွင် မရှိပါ။ အင်မတန် နက်ရှိုင်းသော မြေကြီးထဲတွင် ဘုရားသခင်က ၀ှက်ထားသည်။ ထိုရတနာကို ရရှိနိုင်ရန် လူများစွာကြိုးစား၍ တူးဖော်ကြရာ၊ ရရှိသူ နည်းပါးလှပါသည်။ အချို့တို့သည် အသက်ကိုပင် ဆုံးရှုံးခဲ့ကြရသည်။ ထိုရတနာကို ပိုင်ဆိုင်မိသော သူသည် မိမိ၏ ဆင်းရဲဒုက္ခ၊ စွန့်စားမှုတို့ကို မေ့လျော့ပြီး ထိုကောင်းကြီးကြောင့် ၀မ်းသာကြပါသည်။ အားကျစရာကောင်းသော်လည်း သူ၏ပေးဆပ်မှုကို မည်သူကမျှ ပြုချင်ကြသည်မဟုတ်။ ထိုနည်းတူ အကျိုးခံစားခွင့်သည် အမှုဆောင်ခြင်း၌ ၀ိညာဉ်ရေးရာမှာရော ကိုယ်ခန္ဓာရေးရာမှာပါ ရရှိနိုင်ပါသည်။ သို့သော် ထိုအရာများသည် ကောင်းကင်မှ သက်သက် ကျလာသည်မဟုတ်၊ ပေးဆပ်သောသူ အပေါ်၌ ဘုရားသခင်၏ နှစ်သိမ့်ပေးခြင်းသာဖြစ်သည်။ ထာဝရ အတွက် မဟုတ်ဘဲ ဤလောက၌ အသက်ရှင်စဉ် ခဏတာအတွက် ဖြစ်ပါသည်။ ထို့အပြင် မြောက်များစွာသောလူတို့သည် အကျိုးခံစားခွင့်ဟုဆိုရာတွင် ငွေကြေးချမ်းသာကြွယ်ဝခြင်း၊ စည်းစိမ်ဥစ္စာ အမျိုးမျိုး ပိုင်ဆိုင်မှုနှင့်သာ တိုင်းတာတတ်ကြသည်။ ထိုအရာများထက် ထာဝရတည်မြဲမည့် ၀ိညာဉ်ကောင်းကြီး မင်္ဂလာများပို၍ မက်မောသင့်ပါသည်။ သမ္မာကျမ်းစာင့်ညီညွတ်သော ကောင်းကြီးမင်္ဂလာသည် ရယူခြင်း မဟုတ်၊ ပေးကမ်းခြင်းသာလျှင်ဖြစ်သည်။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် ပို၍ မင်္ဂလာရှိ၏” (တမန် ၂၀း၃၅)။ ပေးကမ်းခြင်းဖြင့် ကောင်းကြီးမင်္ဂလာ ရယူတတ်သောသူ ဖြစ်ဖို့လိုပါသည်။ ကျွန်ုပ်တို့၌ အသုံးမလိုသော အရာများစွာတို့သည် သူတစ်ပါးအတွက် အထူးလိုအပ်သော အရာ များဖြစ်သဖြင့် မိမိအတွက် စုသိမ်းထားသည်ထက် ဆင်းရဲဒုက္ခ ရောက်နေသောသူများအတွက် ပေးကမ်းခြင်းသည် ကောင်းကင်၌ ဘဏ္ဍာဆည်းပူးနေခြင်း ဖြစ်သည် (မဿဲ ၆း၁၉-၂၀)။

နိဂုံးချုပ်အနေဖြင့် ပြောလိုသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှုတော်ဆောင်ရန် ခေါ်ဖိတ်သည့်အခါ ကျွန်ုပ်တို့၏ အသက်တာပို၍ ကြွယ်ဝ ချမ်းသာဖို့ရန် အခွင့်အရေးများစွာ ရရှိခံစားဖို့ရန်၊ ချီးမြှောက်ခြင်း ခံစားဖို့ရန်နှင့် ကြီးမားသော ရာထူးများ ရရှိဖို့ရန် မဟုတ်ဘဲ၊ ပေးကမ်းစွန့်ကြဲဖို့ရန်၊ အနစ်နာ ခံဖို့ရန်၊ သူတစ်ပါး၏ ငြင်းပယ်ခြင်းခံဘို့ရန်နှင့် လိုအပ်ပါက အသက်ပင် ပေးလှူဖို့ရန်အတွက်သာလျှင် ဖြစ်ပါသည်။ ဘုရားသခင်ကို အမှန်ချစ်၍ အမှုဆောင်ခြင်းသည် အကျိုးခံစားခြင်းနှင့် အခွင့်အရေးရရှိခြင်း မဟုတ်၊ သူတစ်ပါးအတွက် အစေခံခြင်းနှင့် ဆင်းရဲဒုက္ခခံခြင်း ဖြစ်သည်။ ထိုအရာများသည် ကျေးဇူးတော်ကြောင့်သာ ခံစားရသည်မဟုတ်ပါလော။