Monday, September 16, 2013

ထူးခြားစုံလင်သော အာဗြဟံ၏ ကောင်းကြီးမင်္ဂလာ

by: Rev. San Cung Nung

“ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။  ...သို့ဖြစ်၍ ယုံကြည်ခြင်း ရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။ ... အကြောင်းမူကား အာဗြဟံခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တစ်ပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့်ယှဉ်သော ၀ိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း” (ဂလာတိ ၄း၇၊ ၉၊ ၁၃)။

နိဒါန်း

ယနေ့ မြောက်များစွာသော ယုံကြည်သူများက အာဗြဟံ၏ ကောင်းကြီးမင်္ဂလာသည် သူနှင့်သူ၏ မျိုးစဉ်ဆက် ဣသရေလအမျိုးများအတွက်သာဖြစ်ပြီး ကျွန်တော်တို့နှင့် လုံးဝ မသက်ဆိုင်ဟု ခံယူတတ်ကြသည်။ သို့သော် ရှင်ပေါလုထံသို့ သန့်ရှင်းသောဝိညာဉ်တော်၏ ဖော်ပြချက်များကို လေ့လာရာ၌ အာဗြဟံ၏ ကောင်းကြီး မင်္ဂလာသည် ဣသရေလ လူမျိုးများမဟုတ်သော ယနေ့ ယုံကြည်သူ အားလုံးနှင့်လည်း သက်ဆိုင်ကြောင်း တွေ့ရှိရပါသည်။ကောင်းကြီးမင်္ဂလာဟုဆိုရာ၌ ချမ်းသာ ကြွယ်ဝခြင်း တည်းဟူသော ရွှေ၊ ငွေ၊ ရတနာ၊ စည်းစိမ်ဥစ္စာကိုသာ ပြောသည်မဟုတ်ပါ။ ကျန်းမာခြင်း၊ နာမည်ကောင်းရရှိခြင်း၊ ချီးမြှောက်ခံရခြင်း၊ လူရှေ့ဘုရားရှေ့တွင် မျက်နှာသာရခြင်း စသည်ဖြင့် ရေတွက်၍ မကုန်နိုင်လောက်အောင် ကောင်းကြီးမင်္ဂလာများရှိပါသည်။

အာဗြဟံသည် အဘယ်ကြောင့် ကောင်းကြီးမင်္ဂလာ အဖြာဖြာခံစားခဲ့သနည်း ဆိုသည့်အကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။ ယခုခေတ်စကားအရ အာဗြဟံသည် ကံစမ်းမဲပေါက်သည်မဟုတ်၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့်ထိုက်တန်သောကြောင့်လည်းမဟုတ်၊ ဘုရားသခင်အားဖြင့်သာရရှိခြင်းဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်သည် အာဗြဟံ၏ ကောင်းကြီးမင်္ဂလာ ဖြစ်သည် (ကမ္ဘာဦး ၁၅း၁)။

၁။ အာဗြဟံသည် ထာဝရဘုရားသခင်ကို ယုံကြည်သောသူဖြစ်သည်

အာဗြဟံသည် ယုံကြည်သူမိသားစုမှ မွေးဖွားလာသည် မဟုတ်ပါ။ သို့သော် သူသည် ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်ကို ရှာသောပုဂ္ဂိုလ်ဖြစ်၍ ထာဝရဘုရားကို စိတ်နှလုံးအကြင်းမဲ့ ယုံကြည်သောသူ ဖြစ်သည်။ သူ၏ အကျင့်သီလ ကောင်းမှုနှင့်အရေဖျားလှီးခြင်းအားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်၏ (ရောမ ၄း၁၂၊ ဂလာတိ ၃း၆)။ ထိုနည်းတူ၊ ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်၊ အသက်သခင်အဖြစ်၊ ယုံကြည်လက်ခံသောသူ အယောက်စီတိုင်းသည်လည်း အာဗြဟံ၏သားများဖြစ်ကြသည် (ဂလာတိ ၃း၇)။ အာဗြဟံသည် ယုံကြည်သောသူတို့၏ “အဘ” လည်း ဖြစ်၍ (ရောမ ၄း၁၂၊ ၁၇) ဘုရားသခင်၏ “အဆွေ” ဟုခေါ်ဝေါ်ခြင်းကိုလည်း ယုံကြည်ခြင်းအားဖြင့် ရရှိခဲ့သည် (ယာကုပ် ၂း၂၃)။

ထာဝရဘုရားသခင်သည် သူ့ကို ယုံကြည်သောအာဗြဟံအား ကောင်းကြီးများစွာချပေးရန် ဂတိများစွာပေးခဲ့သည် (ကမ္ဘာဦး ၁၂း၁-၃။ ၁၃း၁၅-၁၇။ ၁၅း၁၊ ၅။ ၁၇း၁-၇၊ ၁၅-၁၆။ ၂၂း၁၅-၁၈ ကို ဖတ်ပါ)။ ဤမြောက်များစုံလင် လှစွာသော ကောင်းကြီးမင်္ဂလာများသည် အာဗြဟံ၊ သူ၏မယား စာရာ၊ သား ဣဇက်နှင့်သားစဉ်မြေးဆက်များအတွက် သာလျှင် ပေးထားသော ဂတိတော်များ မဟုတ်ပါ။ ယနေ့ ခရစ်တော်ကို စိတ်နှလုံးအကြင်းမဲ့ ယုံကြည်သောသူအားလုံး နှင့်လည်း သက်ဆိုင်ကြောင်း တွေ့ရသည် (ဂလာတိ ၄း၇-၉၊ ၁၃)။ သို့သော် ခရစ်တော်ကို ယုံကြည်ခြင်းမရှိလျှင် အာဗြဟံ၏ ဂတိတော်များနှင့် မိတ်ဆွေလုံးဝ ပတ်သက်မှုရှိမည်မဟုတ်ပါ။ တနည်းအားဖြင့်၊ အာဗြဟံသည် ကောင်းကြီးများစွာ ခံစားသောကြောင့် ဘုရားသခင်ကို ယုံကြည်သည်မဟုတ်ဘဲ မျက်စိဖြင့် မမြင်နိုင်သော ထာဝရဘုရားကို ယုံကြည် ပြီးမှသာ မြောက်မြားစွာသော ကောင်းကြီးမင်္ဂလာခံစားခဲ့ကြောင်း တွေ့ရသည်။ အချို့သော သူတို့က “ငါတို့သည် ကောင်းကြီးမင်္ဂလာခံစားထိုက်သောသူများမဟုတ်” ဟူ၍ မှားယွင်းစွာ ခံယူမိတတ်ကြ ပါသည်။ အာဗြဟံသည် အသွေး အသားအားဖြင့် ကောင်းကြီးခံစားထိုက်သူမဟုတ်၊ သူ၏ ဖခင်အားဖြင့် အမွေခံစားသောသူလည်း မဟုတ်ပါ။ သို့သော် သူကိုယ်တိုင် ထာဝရဘုရားသခင်ကို စတင်၍ ယုံကြည်ခြင်း ရှိလာသည့်အချိန်မှစ၍ သူ့အတွက်သာမက၊ မိသားစု၊ လူမျိုးတကာတို့အတွက်ပါ ကောင်းကြီးတံခါး ပွင့်သွားခဲ့သည်။ မိတ်ဆွေလည်း ကောင်းကြီးမင်္ဂလာတံခါးပေါက် ဖြစ်နိုင်ပါသည်။

၂။ အာဗြဟံသည် ဘုရားသခင်၏စကားကို နားထောင်သောသူ ဖြစ်သည်

အာဗြဟံသည် ဘုရားသခင်ပြောသောစကားကို မေးခွန်းပြန်ထုတ်ခြင်းမပြုဘဲ နားထောင်၍ လိုက်လျှောက်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ခံစားခဲ့သည်။ ဘုရားသခင်သည် အာဗြဟံကို သူ၏ပြည်နှင့်တကွ ဆွေမျိုးသားချင်းများထဲက ထွက်ပြီးလျှင် အမွေခံရမည့် တိုင်းပြည်သို့ ခေါ်ဆောင်ခဲ့သည် (ကမ္ဘာဦး ၁၂း၁)။ ဟေဗြဲသြ၀ါဒစာတွင် အာဗြဟံသည် ဘုရားသခင်၏ ခေါ်သံကို ကြားသောအခါ အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏ (ဟေဗြဲ ၁၁း၈) ဟု ဖော်ပြထားသည်။ ဘုရားသခင်ကို ယုံကြည်သောသူသည် စကားနားထောင်တတ်သောသူ၊ နာခံလိုက်လျှောက်တတ်သောသူ ဖြစ်သည်။ ယနေ့များစွာသော ယုံကြည်သူများသည် ယုံကြည်ခြင်း၌ စိတ်အားထက်သန်ကြသော်လည်း ဘုရား စကားကို နားထောင်ခြင်း၌ ပျက်ကွက်ကြသောကြောင့် ကောင်းကြီးခံစားသင့်သလောက် မခံစားကြခြင်း ဖြစ်သည်။

ဘုရားသခင်သည် အာဗြဟံကို သူအလွန်ချစ်သော တစ်ဦးတည်းသောသား ဣဇက်ကိုယူ၍ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရန် တောင်းဆိုသောအခါ အာဗြဟံသည် မငြင်းဘဲ သား ဣဇက်ကို ဘုရားသခင်ထံသို့ ဆက်သပူဇော်ရန် ယူဆောင်ခဲ့သည်။ ယဇ်ပလ’င်ပေါ်တွင် ဣဇက်ကိုတင်ပြီး ဓါးဆွဲထုတ်ပြီး သားကိုသတ်၍ ပူဇော်ရန် ပြင်ဆင်သောအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်က တားဆီးခဲ့သည်။ ဣဇက်ကိုယ်စား သိုးကို ယဇ်ကောင်အဖြစ် ပြင်ဆင်ပေးခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံအား “သင်သည် ငါ၏ စကားကိုနားထောင်သောကြောင့် သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာခံရကြလိမ့်မည်” ဟု ဆို၏ (ကမ္ဘာဦး ၂၂း၁၈)။ အာဗြဟံသည် ထာဝရဘုရား၏ စကားကို နားထောင်သည်သာမက ထာဝရဘုရား၏ စီရင်မှာထားသာ ပညတ်တရားအမျိုးမျိုးတို့ကိုလည်း စောင့်ရှောက် သောသူ ဖြစ်သည် (ကမ္ဘာဦး ၂၆း၁၅)။ မိတ်ဆွေလည်း ဘုရားသခင်၏ စကားနားထောင်သောသူဖြစ်လျှင် မိတ်ဆွေ ကိုယ်တိုင်မှစ၍ သားသမီး၊ ဆွေစဉ်မျိုးဆက် ကောင်းကြီးမင်္ဂလာခံစားကြမည် ဖြစ်ပါသည်။

၃။ အာဗြဟံသည် ဘုရားသခင်ကို ကိုးကွယ်သောသူ ဖြစ်သည်

အာဗြဟံသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်သောသူ ဖြစ်သည်။ ဘုရားသခင်၏ ခေါ်သံကိုကြား၍ လိုက်လျှောက်ပြီးမှ၊ အငြိမ်မနေဘဲ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်တည်ပြီးလျှင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏ (ကမ္ဘာဦး ၁၂း၈။ ၁၃း၎)။ ထိုနောက် လောတနှင့်ခွါပြီး ဘုရားသခင်၏ဂတိတော်များ ရရှိခံစားသောအချိန်တွင်လည်း အာဗြဟံသည် ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်သောအခါ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်တည်၍ ကိုးကွယ်ခြင်းအမှု ပြုခဲ့သည် (ကမ္ဘာဦး ၁၃း၁၈)။ ဘုရားသခင်သည် သူ့အား သစ္စာနှင့်လည်းကောင်း၊ ၀ိညာဉ်နှင့် လည်းကောင်း ကိုးကွယ်သောသူကို အမြဲတစေ လိုက်ရှာနေသော ဘုရားသခင်ဖြစ်၏ (ယော ၄း၂၃)။ ထိုသို့ ကိုးကွယ်သောသူအား ဘုရားသခင်နှစ်သက်တော်မူသည်။ အချို့သောခရစ်ယာန်တို့သည် အာဗြဟံကဲ့သို့ ကောင်းကြီးမင်္ဂလာ ခံစားချင်ကြသော်လည်း ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ခြင်း၌ အလွန်ပျင်းရိကြ သောကြောင့် ကောင်းကြီးမင်္ဂလာမခံစားခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေလည်း၊ ထာဝရဘုရားကို စိတ်အားထက်သန်စွာ ကိုယ်၊ စိတ်နှလုံး၊ ၀ိညာဉ် သုံးပါးစလုံး ချီးမွမ်းကိုးကွယ်သောသူဖြစ်ရန် အထူး လိုအပ်ပါသည်။

၎။ အာဗြဟံသည် ယုံမှားသောစိတ်ကင်း၍ မျှော်လင့်ခြင်းရှိသောသူ ဖြစ်သည်

အာဗြဟံသည် အသက်ကြီးရင့်ပြီးမှ သားရဘို့ရန် ဘုရားသခင်၏ဂတိတော် ရရှိသောအခါ၊ မိမိဇနီးသည်၏ အခြေအနေကိုမကြည့်ဘဲ၊ ယုံမှားသံသယစိတ်ကင်း၍ မျှော်လင့်ခြင်းနှင့် ဂတိတော်ကို စောင့်မျှော်ခဲ့သည်။ မိမိအသက် (၇၅) နှစ်တွင် ဘုရားသခင်၏ ဂတိတော်ကိုရရှိပြီး (ကမ္ဘာဦး ၁၂း၎) သူ၏ သားသမီးများ ကောင်းကင်ရှိ ကြယ်များကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ၎င်း များပြားလိမ့်မည်ဟု ဂတိတော်ရရှိခဲ့သည်။ အသက် (၁၀၀) ပြည့်သောအချိန်၊ မယား စာရာ အသက် (၉၀) ပြည့်သော အချိန်ကျမှသာလျှင် သားရတနာ ဣဇက်ကို တွေ့မြင်ခဲ့သည် (ကမ္ဘာဦး ၁၇း၁၇)။ ၂၅-နှစ်တိုင်တိုင် မျှော်လင့်ခြင်းနှင့် အသက်ရှင်၍ ဘုရားသခင်အား သံသယစိတ်ကင်းမဲ့စွာ ယုံကြည်သော အာဗြဟံ ဖြစ်သည်။ ယနေ့ ယုံကြည်သူများစွာတို့သည် ဆန္ဒစော၍နေတတ်ကြသဖြင့် ကောင်းကြီးမင်္ဂလာနှင့် လွဲချော်ခဲ့ကြပါသည်။ ဘုရားသခင်သည် ဂတိပေးရာတွင် ဘယ်သောအခါမှ နောက်မကျတတ်ပါ။ အချိန်တန်သောအခါ အမှန်တကယ် ပြည့်စုံလာမည် ဖြစ်သည်။ “ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်” (ဟဗက္ကုတ် ၂း၃)။

အာဗြဟံသည် မည်သည့် ကောင်းကြီးမင်္ဂလာမျိုးခံစားခဲ့သည်ကို သမ္မာကျမ်းစာ ဖော်ပြထားသည့်အတိုင်း အချို့သော အချက်အလက်များကို တင်ပြလိုပါသည်။

(၁)  မိမိနာမည်နှင့်သက်ဆိုင်သော ကောင်းကြီးမင်္ဂလာ (ကမ္ဘာဦး ၁၂း၂)
ဘုရားသခင်က အာဗြဟံအား “ငါသည် သင့်ကို ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးမင်္ဂလာခံစားသောသူဖြစ်လိမ့်မည်” ဟု ကတိပြုခဲ့သည် (ကမ္ဘာဦး ၁၂း၂)။ ဘုရားသခင်သည် အာဗြဟံ၏နာမကို ချီးမြှောက်၍ “ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏” ဟု ပြောဆိုခဲ့သည်ကို တွေ့ရသည် (ထွက်မြောက် ၃း၁၅-၁၆)။ ကျွန်ုပ်တို့၏ နာမည်သည် သူတပါး ချီးမွမ်းစရာဖြစ်ဖို့ အရေးကြီးပါသည်။

(၂)  မိမိလူမျိုးနှင့်သက်ဆိုင်သော ကောင်းကြီးမင်္ဂလာ (ကမ္ဘာဦး ၁၂း၂)
ဘုရားသခင်က အာဗြဟံအား လူမျိုးကြီးဖြစ်စေ၍၊ ထိုလူမျိုးတို့သည် ကြယ်များကဲ့သို့၎င်းင်း၊ မြေမှုန့်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားစေမည်ဟု ကတိပေးခဲ့သည် (ကမ္ဘာဦး ၁၂း၂။ ၁၃း၆။ ၁၅း၅။ ၁၇း၇)။ အာဗြဟံ အားဖြင့် ဣသရေလလူမျိုးများကို ဘုရားသခင်ကောင်းကြီးပေးသကဲ့သို့ ကျွန်ုပ်တို့အားဖြင့် ကျွန်ုပ်တို့လူမျိုး ကောင်းကြီးမင်္ဂလာခံစားကြဖို့ အရေးကြီးပါသည်။

(၃)  လူမျိုးအပေါင်းတို့နှင့်သက်ဆိုင်သော ကောင်းကြီးမင်္ဂလာ
အာဗြဟံအားဖြင့် ဣသရေလလူမျိုးများ ကောင်းကြီးမင်္ဂလာ ခံစားသည်သာမက၊ လူမျိုးအပေါင်း တို့သည်လည်း အာဗြဟံအားဖြင့် ကောင်းကြီးမင်္ဂလာခံစားကြလိမ့်မည်ဟု ကတိရှိခဲ့ပါသည် (ကမ္ဘာဦ ၁၂း၃။ ၁၇း၎-၅)။ ယနေ့ ဣသရေလလူမျိုးမဟုတ်သော၊ တပါးအမျိုးသားများသည် ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် အာဗြဟံ၏သားများဖြစ်ကြပြီး ကောင်းကြီးမင်္ဂလာနှင့်ယှဉ်သော ကတိတော် ခံစားထိုက်သော လူမျိုးများလည်း ဖြစ်ကြသည်။

(၄)  တိုင်းပြည်နှင့်သက်ဆိုင်သောကောင်းကြီးမင်္ဂလာ
ဘုရားသခင်က အာဗြဟံအား တိုင်းပြည်၊ မြေကြီးနှင့်ပတ်သက်၍ ကတိပေးခဲ့သည် (ကမ္ဘာဦး ၁၂း၇။ ၁၃း၁၄-၁၅၊ ၁၇။ ၁၇း၈)။ ကျွန်ုပ်တို့ ယုံကြည်သူများအားဖြင့်လည်း တိုင်းပြည်ကြွယ်ဝချမ်းသာပြီး ကောင်းကြီး မင်္ဂလာများ ခံစားနိုင်ပါသည်။

(၅)  ရှင်ဘုရင်နှင့်သက်ဆိုင်သောကောင်းကြီးမင်္ဂလာ
အလွန်ထူးခြားသော ကောင်းကြီးမင်္ဂလာတစ်မျိုးမှာ အာဗြဟံ၏အမျိုးအနွယ်အားဖြင့် ရှင်ဘုရင်ပေါ်ထွန်း လာကြဖို့ ကတိ ဖြစ်ပါသည် (ကမ္ဘာဦး ၁၇း၆၊ ၁၆)။ ကျွန်ုတို့အားဖြင့် ဘုရားသခင် ချီးမြှောက်သော လူပုဂ္ဂိုလ်များ ပေါ်ထွန်းလာ နိုင်ပါသည်။

နိဂုံး

မည်သူမဆို ကောင်းကြီးမင်္ဂလာအမျိုးမျိုး ရရှိခံစားလိုကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကောင်းကြီး မင်္ဂလာသည် ကြောက်စရာမဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်အားကိုလျက်၊ သူ၏စကားကို နားထောင်၍၊ သူ့ကို ကိုးကွယ်သော သူ၏ အသက်တာ၌ ကောင်းကြီးမင်္ဂလာများက လိုက်လာတတ်ပါသည်။  ထာဝရ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောသူအယောက်စီတိုင်း၌ အာဗြဟံခံစားရသော ကောင်းကြီးမင်္ဂလာများအပြင်၊ ထိုအရာများထက် အလွန်ထူးခြားသော၊ ရေတွက်၍ မကုန်နိုင်သော ကောင်းကြီးမင်္ဂလာမျိုးပေါင်းများစွာ ခံစားနိုင်သော အခွင့်အရေးသည် ယေရှုခရစ်တော်အားဖြင့် ရရှိနိုင်ပါသည်။ ဟာလေလုယ။ ထိုကဲ့သို့သော ကောင်းကြီးမင်္ဂလာများကို ဘုရားသခင်က ယုံကြည်သူ အားလုံးအပေါ်သို့ အကန့်အသတ်မရှိ ကြွယ်ဝစွာ သွန်းလောင်းပေးပါစေ။ အာမင်။

“ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်” (ဧဖက်၊ ၃း၂၀)